ဖက်ဒရယ် ဘာလဲ၊ ဘယ်လဲ
Written by ခင်ငြိမ်းသစ်၊ ဇွဲဝေယံ
...
ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိပြီး ထိုနိုင်ငံများတွင် အုပ်ချုပ်မှု ပုံသဏ္ဌာန် အမျိုးမျိုးနှင့် နောက်ခံသမိုင်း ကွာခြားမှုများ ရှိကြသည်။ ၎င်းတို့အနက်မှ ဖက်ဒရယ် သို့မဟုတ် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေး စနစ်အား ကျင့်သုံးသော နိုင်ငံပေါင်း ၂၈ နိုင်ငံ ရှိသည်။
...
ဖက်ဒရယ်ဆိုသည်မှာ အစိုးရ နှစ်ရပ်ဖြစ်သော ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရကြား အာဏာခွဲဝေမှု ဖြစ်သည်။ ထိုအစိုးရ နှစ်ရပ်ကြား အာဏာခွဲဝေမှုအား အခြေခံ ဥပဒေမှ သတ်မှတ်ပေးရသည်။ အစိုးရ နှစ်ရပ်ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ပါက သီးခြား လွတ်လပ်သော ခုံရုံး သို့မဟုတ် တရားရုံးများမှ ဆုံးဖြတ်ပေးရသည်။
နယ်မြေကျယ်ဝန်းသော နိုင်ငံများနှင့် လူမျိုးနွှယ်စုများ သိပ်သည်းစွာ နေထိုင်ကြသော နိုင်ငံများတွင် ဒီမိုကရေစီ မူဝါဒများ အကောင်အထည် ဖော်ချိန်၌ ဖက်ဒရယ် စနစ်အား ကျင့်သုံးကြလေ့ရှိသည်။
သို့သော် ဖက်ဒရယ်စနစ်တွင် အားသာချက်နှင့် အားနည်းချက်များ ရှိပေသည်။
ဖက်ဒရယ်စနစ်၏ အားသာချက်များမှာ (၁) ပြည်သူနှင့် နီးစပ်မှုရှိခြင်း၊ (၂) ပြည်သူနှင့် ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ (၃) လူနည်းစု၏ အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ပေးခြင်း၊ (၄) နိုင်ငံချစ်စိတ် ဖြစ်ပေါ်စေခြင်း၊ (၅) (ဗဟိုအစိုးရအနေဖြင့်) ဖွံ့ဖြိုးတိုးတက်မှုအား အာရုံစိုက်နိုင်ခြင်း၊ (၆) အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအား လက်တွေ့စမ်းသပ် နိုင်ခြင်းနှင့် (၇) အာဏာရှင်များ ပေါ်ထွက် မလာစေရန် တားဆီးနိုင်ခြင်းတို့ ဖြစ်သည်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်း အားဖြင့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ လိုအပ်ချက်များနှင့် အညီ (သို့မဟုတ်) ဒေသခံများ သဘောတူ လက်ခံနိုင်စေရန် လုပ်ဆောင်နိုင်သည့် အပြင် စီမံကိန်းများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ မဖြစ်ပေါ်စေရန် ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးများကို ရရှိနိုင်ပေသည်...
ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများတွင် အစိုးရသည် ပြည်သူနှင့် နီးစပ်မှု ရှိသောကြောင့် ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်ကို အလွယ်တကူ သိနိုင်သည်။ ထို့အပြင် ပြည်နယ် အစိုးရများသည် ဒေသတွင်း ပြည်သူများနှင့် အစဉ်ထိတွေ့ ဆက်ဆံနေရ သောကြောင့် ပြည်သူများ၏ ဆန္ဒသဘောထားများကို နားလည်နိုင်ပေသည်။ ဥပမာ ဆိုရသော် မက္ကဆီကို (Mexico) နိုင်ငံမှ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုများကြောင့် အမေရိကန် ပြည်ထောင်စုရှိ အယ်ရီဇိုးနား (Arizona)၊ နယူးမက္ကဆီကို (New Mexico) နှင့် တက္ကဆက် (Texas) ပြည်နယ်များတွင် ရွှေ့ပြောင်း အခြေချမှုအား အခြားသော ပြည်နယ်များထက် ပိုမို တင်းကျပ်စွာ ပြဋ္ဌာန်းထားသည်။ ဗဟိုချုပ်ကိုင်သည့် စနစ်အား ကျင့်သုံးသော တိုင်းပြည်များတွင် အစိုးရသည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသောကြောင့် ပြည်သူများ၏ လိုအပ်ချက်ကို အလွယ်တကူ မသိနိုင်ပေ။ အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူများ နှစ်သက်လက်ခံမှု ရှိ၊ မရှိ ဆိုသည်ကိုလည်း မသိနိုင်သလို အစိုးရ၏ စီမံကိန်းများသည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု ရှိမရှိကိုလည်း အလွယ်တကူ မသိနိုင်ပေ။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်း အားဖြင့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ လိုအပ်ချက်များနှင့် အညီ (သို့မဟုတ်) ဒေသခံများ သဘောတူ လက်ခံနိုင်စေရန် လုပ်ဆောင်နိုင်သည့် အပြင် စီမံကိန်းများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ မဖြစ်ပေါ်စေရန် ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးများကို ရရှိနိုင်ပေသည်။
ထိုကဲ့သို့ပြည်သူနှင့် အစိုးရကြား ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းသည် ဒီမိုကရေစီကို ရှင်သန်မှုအား အထောက်အကူ ပြုပေသည်။
ထို့အပြင် ဖက်ဒရယ်စနစ်အား မှန်ကန်စွာ ကျင့်သုံးပါက နိုင်ငံတွင်းရှိ လူနည်းစုအား ဖိနှိပ်ခြင်း၊ ၎င်းလူနည်းစု၏ အခွင့်အရေးနှင့် အကျိုး စီးပွားများအား နှောင့်ယှက် ဖျက်ဆီးခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ် တားဆီးနိုင်သည့်အပြင် လူမျိုးစုများ အကြားရှိ မုန်းတီးမှုများကိုပါ ပျက်ပြယ်စေနိုင်သည်။ ယနေ့ အင်္ဂလန် နိုင်ငံသည် အင်္ဂလိပ် လူမျိုးများအပြင် စကော့တလန် လူမျိုးများ၊ အိုင်ယာလန် လူမျိုးများ၊ ဝေလပြည်နယ်သား များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် အင်္ဂလိပ်တို့သည် စကော့တလန်နှင့် အိုင်ယာလန် လူမျိုးများအပေါ် ဖိနှိပ်မှုများ ရှိခဲ့သော်လည်း ဖက်ဒရယ်စနစ်အား ခိုင်ခိုင်မာမာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အိုင်ယာလန် ပြည်သူ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူပြီး နောက်တွင် လူမျိုးရေး မုန်းတီးမှုများ လျော့နည်းလာသည်။ ၂၀၀၅ ခုနှစ်တွင် အိုင်ယာလန် ပြည်သူ့တပ်မတော်က လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်ချိန်မှစ၍ အဆိုပါ လူမျိုးစုများကြား မုန်းတီးမှုများနှင့် လူနည်းစုအား ဖိနှိပ်မှုများ ပပျောက်လာခဲ့သည်။
ဖက်ဒရယ်စနစ်၏ အားသာချက် နောက်တစ်ချက်မှာ ပြည်သူများသည် မိမိနိုင်ငံအပေါ်တွင် ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ အစိုးရသည် ပြည်သူများနှင့် ပူးပေါင်း၍ ၎င်းတို့၏ အခက်အခဲများအား အစဉ်ဖြေရှင်း ပေးခြင်းကြောင့် အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တည်ဆောက်နိုင်သည်။ ထိုကဲ့သို့ ယုံကြည်မှုရှိခြင်းသည် နိုင်ငံရေး တည်ငြိမ်မှု ရရှိစေနိုင်သည်။
ထို့အပြင် ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရများသည် ၎င်းတို့ ဒေသတွင်းရှိ ပြဿနာများအား ဖြေရှင်းလေ့ ရှိခြင်းကြောင့် ဗဟိုအစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား ပိုမိုအာရုံစိုက်၍ လုပ်ဆောင်နိုင်ပေသည်။
ထိုကဲ့သို့ စီမံကိန်းများနှင့် မူဝါဒများအား အကောင်အထည် ဖော်ရာတွင်လည်း ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရကြား အပြန်အလှန် ကူညီနိုင်သည့်အပြင် အစိုးရ တစ်ရပ်မှ ပြုလုပ်ခဲ့သည့် လုပ်ငန်းစဉ် များအား ပြန်လည်သုံးသပ်ကာ အခြားသော အစိုးရမှ ၎င်း၏ အောင်မြင်မှုနှင့် ဆုံးရှုံးမှုများအား သင်ခန်းစာ ယူနိုင်သည်။ ထိုသို့ ပြုလုပ်နိုင်ခြင်းအားဖြင့် မိမိနိုင်ငံ (သို့မဟုတ်) မိမိဒေသနှင့် ကိုက်ညီသည့် စီမံကိန်းများနှင့် မူဝါဒများအား ချမှတ်နိုင်သည်။ မက္ကဆီကို နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အမေရိကန် ပြည်နယ်များသည် ၎င်းတို့အချင်းချင်း တိုင်ပင်၍ နယ်စပ်ဆိုင်ရာ မူဝါဒများ ချမှတ်သည့်အပြင် ပြည်နယ်တစ်ခု၏ အောင်မြင်မှု၊ ကျရှုံးမှုများအား နမူနာယူ၍ ပိုမိုကောင်းမွန်သော စီမံကိန်းများ ဖော်ဆောင်ကြသည်။
ထို့အပြင် ဖက်ဒရယ် စနစ်တွင် အုပ်ချုပ်မှု အာဏာကို ဒေသန္တရ အစိုးရများနှင့် ဗဟိုအစိုးရကြား ပြန်လည် ထိန်းညှိထားခြင်းကြောင့် တစ်ဦးတစ်ယောက်တည်း အာဏာထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အာဏာရှင်များ ပေါ်ပေါက်မလာစေရန် တားဆီးနိုင်သည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေသည် ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရတို့ကို အာဏာ ခွဲဝေပေးခဲ့သည်။ သို့သော် အာဏာ ခွဲဝေရာတွင် ဗဟိုနှင့် ဒေသန္တရအစိုးရ တို့ကြား ညီမျှမှု မရှိခြင်းကြောင့် တိုင်းရင်းသား ဒေသများ၏ ကိုယ်ပိုင်စီမံခန့်ခွဲ မှုများတွင် ကန့်သတ်ခံရမှုများ ရှိခဲ့သည်။ ထို့ကြောင့် ၁၉၆၀ ပြည့်နှစ်တွင် ရှမ်းမူဟု ခေါ်တွင်သော ရှမ်းပြည်နယ် အစိုးရမှ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက်ရန် အချက်များ တင်ပြလာခဲ့သည်။ ထိုသို့ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အကြား ဖြစ်ပွား လာခဲ့သော မကျေလည်မှုများ အကြားတွင် တိုင်းပြည် ပြိုကွဲမှာကို စိုးရိမ်သည်ဟူသော အကြောင်းပြချက်နှင့် အတူ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ပေါ်ထွန်းလာခဲ့သည်။
သို့သော်လည်း ဖက်ဒရယ်၏ အဓိက အားနည်းချက်များမှာ (၁) ဖော်ပြပါ အစိုးရ နှစ်ရပ်ကြား မူဝါဒ မတူညီမှု (တစ်ခါတစ်ရံ မူဝါဒချင်း ဆန့်ကျင်နေမှု)၊ (၂) ဒေသန္တရ အစိုးရများကြား အားပြိုင်မှု၊ ဗဟိုအစိုးရအား ဆန့်ကျင်မှုနှင့် အဂတိလိုက်စားမှု၊ (၃) နိုင်ငံလုံးဆိုင်ရာ မူဝါဒများ ချမှတ်ရန် ခက်ခဲစေမှု၊ (၄) (အမှုကိစ္စ တစ်ခုအတွက်) တာဝန်ယူရန် မရှင်းလင်းမှုများပင် ဖြစ်သည်။
ဒေသန္တရအစိုးရနှင့် ဗဟိုအစိုးရတို့ကြားတွင် မူဝါဒပိုင်း ကွဲလွဲမှုများ (သို့မဟုတ်) ဆန့်ကျင်မှုများသည် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရာတွင် အနှောင့်အယှက် ဖြစ်စေသည်။ ထိုကဲ့သို့ မူဝါဒ ကွဲပြားမှုများအား အသုံးချကာ ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်မှုများလည်း ဖြစ်ပေါ်နိုင်ပေသည်။ အမေရိကန်နိုင်ငံတွင် အချို့သော ပြည်နယ်များ၌ ကိုယ်ဝန်ဖျက်ချမှုအား တရားဝင် ခွင့်ပြုထားသော်လည်း အချို့ပြည်နယ်များတွင် လူသတ်မှုအဖြစ် သတ်မှတ်ထားသည် များလည်း ရှိသည်။ ထို့ကြောင့် ပြည်နယ်များ ကူးသန်းကာ ကိုယ်ဝန်ဖျက်ချခြင်းများ ရှိသည်။
ဒေသန္တရ အစိုးရများ အချင်းချင်းကြား အားပြိုင်မှုများနှင့် မညီမျှမှုများလည်း ဖြစ်ပေါ်စေနိုင်သည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် အာဏာခွဲဝေမှုအား ရှင်းလင်းစွာ ဖော်ပြမှုမရှိခဲ့ခြင်းကြောင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ် အသီးသီးကြား အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအားပြိုင်မှုများသည် အစပိုင်းတွင် နယ်မြေခွဲဝေရေး လှုပ်ရှားရာမှ နောက်ပိုင်းတွင် လက်နက်ကိုင် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရသည်။
ထိုကဲ့သို့ မူဝါဒဆိုင်ရာ ကွဲလွဲမှုများနှင့် အာဏာမညီမျှမှုများ ကြီးမားလာပါက ဗဟိုအစိုးရ၏ မူဝါဒများနှင့် လုံးဝဆန့်ကျင်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အဂတိ လိုက်စားမှုများလည်း ပေါ်ပေါက်လာနိုင်သည်။ အာဖဂန်နစ္စတန် နိုင်ငံတွင် ဗဟိုအစိုးရ၏ အာဏာအား ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ ဆန့်ကျင်၍ တာလီဘန် သူပုန်များနှင့် ပူးပေါင်းခြင်းသည် ထင်ရှားသော ဥပမာတစ်ခုပင် ဖြစ်သည်။
ဖက်ဒရယ်စနစ်တွင် တစ်ခါတစ်ရံ နိုင်ငံလုံးဆိုင်ရာ မူဝါဒများ ချမှတ်ရန် အခက်အခဲ ဖြစ်နိုင်သည်။ အိန္ဒိယ နိုင်ငံတစ်ဝန်းတွင် ရှေးရိုးဆန်သည့် ပြည်နယ်များ၌ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု အားကောင်းခြင်း၊ စီမံကိန်းများ ဖော်ဆောင်ရာတွင် ပြည်သူမှ ပူးပေါင်းပါဝင်မှု အားနည်းခြင်း (တစ်ခါတစ်ရံတွင် ကန့်ကွက်ခြင်း) တို့ကြောင့် ဆင်းရဲမွဲတေမှုများ တိုက်ဖျက်ရန် မူဝါဒများ ချမှတ်ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့အပြင် ဖက်ဒရယ်စနစ်၏ အခြားသော အားနည်းချက် တစ်ခုမှာ တာဝန်ခံမှုအား ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရကြား ရှင်းလင်းမှု မရှိခြင်းဖြစ်သည်။ ထို့အပြင် အမှား တစ်စုံတစ်ရာ ဖြစ်ပေါ်ပါကလည်း ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရများသည် မူဝါဒချင်း တူညီကြလေ့ မရှိသောကြောင့် မည်သည့်အတွက်ကြောင့် မှားယွင်းသည်ကို အဖြေရှာရန် ခက်ခဲသည်။ ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်း အမေရိကန်နိုင်ငံ လူဝီစီယားနား (Louisiana) ပြည်နယ် နယူးအော်လင်း (New Orlean) မြို့တွင် ဖြစ်ပေါ်ခဲ့သော ဟာရီကိန်းမုန်တိုင်း ကတ်ထရီးနား (Katrina) ဒဏ်ခံခဲ့ရသော ဒေသများအား ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ပိုမိုကြာရှည်ခြင်းသည် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကြား မည်သူက တာဝန်ရှိသည်ကို တိတိကျကျ မဖြေရှင်းနိုင်၍ ဖြစ်သည်။
ထိုအားနည်းချက်များအား ဖြေရှင်းနိုင်ရန် ပြည်သူအားလုံး နိုင်ငံရေး နိုးကြားမှုရှိရန် လိုအပ်သည်။ ဒေသန္တရ အစိုးရများနှင့် ဗဟိုအစိုးရတို့ကြား အာဏာချိန်ခွင်လျှာ ထိန်းညှိရန် ပြည်သူများတွင် တာဝန်ရှိသည်။ ဖော်ပြပါ ဖက်ဒရယ်စနစ်၏ အားနည်းချက်များသည် အစိုးရ နှစ်ရပ်ကြား အာဏာမညီမျှမှု၊ အစိုးရနှစ်ရပ်ကြား နားလည်မှု လွဲမှားမှုများနှင့် ပြည်သူများ၏ နိုင်ငံရေးအသိ အားနည်းနေမှုတို့ကြောင့် ဖြစ်သည်။
ဖက်ဒရယ်စနစ် ကျင့်သုံးသော အောင်မြင်သည့် နိုင်ငံအား ပြပါဆိုလျှင် အမေရိကန် ပြည်ထောင်စုအား လက်ညှိုးညွှန်ရမည် ဖြစ်သည်။ ဖက်ဒရယ် စနစ်ကျင့်သုံးသော နိုင်ငံပေါင်း ၂၈ နိုင်ငံအနက် အမေရိကန်သည် သက်တမ်းရင့်သော ဖက်ဒရယ် နိုင်ငံတစ်ခုဖြစ်ပြီး ပြည်နယ်ပေါင်း ၅၀ အထိရှိသည်။ လူဦးရေလည်း များပြားပြီး လူမျိုးပေါင်းစုံ နေထိုင်ကြသည်။
အမေရိကန်သမိုင်း၌ လွတ်လပ်ရေး ရယူချိန်တွင် သမ္မတ တစ်ဦးတည်း၏ လက်ထဲတွင်သာ အာဏာရှိမနေစေရန် ရည်ရွယ်ပြီး အင်္ဂလိပ် ကိုလိုနီ ပြည်နယ် ၁၃ ခုမှ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် သမ္မတကို အာဏာခွဲဝေ ပေးခဲ့သည်မှ အစပြုပြီး ဖက်ဒရယ် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုအချိန်က အမေရိကန် ပြည်ထောင်စုတွင် ပညာတတ်အား နည်းသေးသဖြင့် တရားဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့သည် အားမကောင်းခဲ့ပေ။ ထို့ကြောင့် သမ္မတ၏ အာဏာအား ပြည်နယ် အုပ်ချုပ်ရေးမှူးများမှ ပြန်လည်ထိန်းညှိရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အမေရိကန် ပြည်တွင်းစစ် အပြီးတွင်မူ သမ္မတကို ပေးအပ်ထားသော အာဏာတစ်စိတ်တစ်ပိုင်းအား တရားစီရင်ရေးနှင့် ဥပဒေပြုရေးကို ထပ်မံခွဲဝေပေးခဲ့ပြီး မဏ္ဍိုင်သုံးရပ်ဖြင့် ပြည်နယ်အစိုးရများ၏ အာဏာအား ပြန်လည်ထိန်းညှိ ခဲ့သည်။
ထို့နောက် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အခြေခံဥပဒေမှ အချက် ၂၇ ချက်ကို ပြင်ဆင်ခဲ့ပြီးနောက် ဗဟို အစိုးရ အာဏာသည် ပြည်နယ် ၅၀ ၏ အာဏာနှင့် ညီမျှသည်။ ယခုအချိန်တွင် ပါတီတစ်ခုတည်းမှ မဏ္ဍိုင်သုံးခုအား ချုပ်ကိုင်ထားလျှင်တောင်မှ ပြည်နယ်အစိုးရများမှ ဗဟိုအစိုးရ၏ အာဏာကို ပြန်လည် ထိန်းညှိနိုင်သည်။
ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အာဏာတန်းတူ ခွဲဝေထားခြင်းကြောင့် ပြည်နယ်အစိုးရအား ဗဟိုအစိုးရမှ ချုပ်ကိုင်နိုင်ခွင့် မရှိပါ။ သို့သော်လည်း ဗဟိုအစိုးရမှ ချမှတ်သော ဥပဒေများအား ပြည်နယ်အစိုးရမှ လိုက်နာ ဆောင်ရွက်ရသည်။
အခွန်ကောက်ခံရာတွင် ပြည်နယ်အစိုးရများက ပြည်နယ်အလိုက် ကောက်ခံပြီး ဗဟိုအစိုးရထံ အချိုးကျ ခွဲဝေပေးရသည်။ ပြည်နယ်တစ်ခုနှင့်တစ်ခု ပေးရသော အခွန်ငွေ မတူညီပေ၊ စီးပွားရေး ကောင်းမွန်မှုနှင့် လူဦးရေအပေါ် မူတည်ပြီး ဗဟိုအစိုးရသို့ အခွန်ဆောင်ရသည့် ပမာဏ ကွာခြားသည်။
ငွေကြေးစနစ်တွင် ပြည်နယ် အစိုးရတို့သည် ၎င်းတို့၏ နယ်မြေများမှ ရရှိသော အခွန်ငွေကို ဗဟိုအစိုးရသို့ ရာခိုင်နှုန်းအရ ပြန်လည်ပေးအပ်ပြီး ကျန်ရှိသည့် ပမာဏအား ပြည်နယ် လွှတ်တော်များမှ စီမံခန့်ခွဲလေ့ရှိသည်။ ဗဟိုအစိုးရသည် အခွန်ငွေ စုစုပေါင်း၏ ၅၄ ရာခိုင်နှုန်းခန့်ကို အသုံးပြုသည်။
နိုင်ငံတကာ ကုန်သွယ်ရေးအား ဗဟိုအစိုးရမှ ကိုင်တွယ်သော်လည်း ပြည်တွင်း ကုန်သွယ်မှုကိုမူ ပြည်နယ် အစိုးရများက တာဝန်ယူ ဆောင်ရွက်လေ့ရှိသည်။ နယ်စပ်ကုန်သွယ်မှုများ အတွက် ဗဟိုအစိုးရက ချမှတ်ထားသော ဥပဒေများအား ပြည်နယ်အစိုးရတို့က မိမိတို့ ပြည်နယ်များနှင့် ကိုက်ညီမှုရှိစေရန် ပြုပြင်၍ ကျင့်သုံးကြသည်။
နိုင်ငံတကာ ဆက်ဆံရေးကို ဗဟိုအစိုးရမှ ချုပ်ကိုင်သည်။ ပြည်နယ်သစ် သတ်မှတ်ရာတွင် သတ်မှတ်ထားသော လူဦးရေပြည့်ပြီး ထိုဒေသရှိ လူထု၏ ၇၅ ရာခိုင်နှုန်းမှ ထောက်ခံရမည်ဖြစ်ပြီး ထိုဒေသရှိ အခွန်သည် သတ်မှတ်ချက်အတိုင်း ပြည့်မီပါက ပြည်နယ်သစ် တစ်ခုအဖြစ် ဖွဲ့စည်းခွင့်ရှိသည်။
ပညာရေး အသုံးစရိတ်အား ဗဟိုအစိုး၏ ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍ ပြည်နယ် အစိုးရများက တာဝန်ယူ ဆောင်ရွက်သည့်အပြင် ကိုယ်ပိုင် ကျောင်းများတွင်လည်း ကိုယ်ပိုင်မူဝါဒများ ချမှတ်နိုင်ခွင့်ရှိသည်။
ပင်စင်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများနှင့် ဗဟိုအစိုးရက တာဝန်ယူသည်။ ပြည်နယ်အစိုးရ ၀န်ထမ်းကို ပြည်နယ်အစိုးရက တာဝန်ယူသည်။ သက်ကြီးပင်စင်နှင့် ထောက်ပံ့ ကြေးများအား ဗဟိုအစိုးရက အနိမ့်ဆုံး သတ်မှတ်ချက် ထားရှိပြီး ပြည်နယ်များအလိုက် ရရှိသော ငွေကြေး ကွာခြားမှုရှိသည်။ ပြည်နယ်များက ကိုယ်ပိုင်ဥပဒေပြုခွင့် ရှိသောကြောင့် ပြည်နယ် တစ်ခုနှင့်တစ်ခု ဥပဒေ ကွာခြားမှုများရှိသည်။
ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်နယ်အလိုက် ဆောင်ရွက်လေ့ရှိပြီး ဗဟိုအစိုးရက ထောက်ပံ့ပေးသည်။ နယူးယောက် ပြည်နယ်အတွင်း လူလတ်တန်းစားများအား ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသည်။
မြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြည်နယ်များအလိုက် ထုတ်ပြန်သော်လည်း မြို့တော် ၀ါရှင်တန်ဒီစီအား ဗဟိုအစိုးရမှ ကိုင်တွယ်သည်။
တရားရေးစနစ်သည် တရားရေးရာနှင့် သက်ဆိုင်သောအဖွဲ့မှ ကိုင်တွယ်သော်လည်း သမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်။
အမေရိကန်နိုင်ငံသည် ဗဟိုနှင့် ပြည်နယ်များ၏ အခွင့်အာဏာ မျှတမှုရှိသော ဖက်ဒရယ်ပုံစံကို ကျင့်သုံးသည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စုတွင်ပင် ဖက်ဒရယ်စနစ်၏ အားနည်းချက်များလည်း ရှိနေပါသည်။ ဥပမာအားဖြင့် ဗဟိုအစိုးရမှ လိင်တူ လက်ထပ်ခွင့်အား နည်းဥပဒေအားဖြင် လက်ခံထားခြင်း မရှိသော်လည်း အချို့ပြည်နယ်များမှ ခွင့်ပြုထားသည်။
အမေရိကန်နိုင်ငံသည် ဖက်ဒရယ် စနစ်အရ ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အာဏာခွဲဝေရာတွင် ညီမျှမှုရှိသည်။ သို့သော်လည်း ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရတို့ကြား မူဝါဒနားလည်မှု လွဲမှားမှုများ ရှိနေသေးသည်။ (ကတ်ထရီးနား မုန်တိုင်းသည် ၎င်း၏ ဥပမာတစ်ခုပင် ဖြစ်သည်။) နောက်တစ်ပတ်တွင် ဖက်ဒရယ်စနစ်၏ အဓိက အားနည်းချက်များဖြစ်သည့် ဗဟိုအစိုးရက အာဏာများစွာ ပိုင်ဆိုင်မှု၏ အန္တရာယ်နှင့် ဗဟိုအစိုးရ၏ အာဏာသက်ရောက်မှု နည်းပါးလွန်းခြင်း၏ ဆိုးကျိုးများအား နှိုင်းယှဉ်ဖော်ပြပါမည်။
Eleven Media GroupSee More

No comments:
Post a Comment