Friday, February 15, 2013

ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက်

ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်

=====================================

ယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းသို့ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းရခြင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်နှင့်ဆက်စပ် ယာဉ်တိုက်မှုဖြစ်စဉ်များကို ယခင်က ၅၁ လမ်း၊ ယာဉ်မှုစစ်ဌာနတွင်သာ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင် မြို့နယ်များအလိုက် တိုးချဲ့ဖွဲ့စည်းထားသည့် ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးများတွင်သာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ထားရှိရခြင်းအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ တိုင်းတပ်ဖွဲ့ခွဲမှူးက ''အခု ယာဉ်နဲ့ ဆက်စပ်ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာမြို့နယ်တွေမှာပဲ အမှုဖွင့်ရမယ်။ တရားစွဲဆိုမှုတွေ၊ ရုံးထိုင် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ မြို့နယ်တွေမှာ ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေ ဦးဆောင်တဲ့ ဌာနတွေ ဖွဲ့စည်းထားပါတယ်။ လတ်တလောမှာ နေရာအခက်အခဲ ရှိတဲ့အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ အကူအညီနဲ့ မြို့နယ်ရဲစခန်းတွေမှာပဲ ယာဉ်ထိန်းဌာနတွေ ထားရှိထားပါတယ်'' ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အကျယ်အဝန်းနှင့် လူဦးရေပေါ် မူတည်၍ မြို့နယ် ရဲတပ်ဖွဲ့စခန်းများတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁ဝ ဦးမှ ၃ဝ ဦးအထိ ဖွဲ့စည်းထားရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားကို ဦးရေ ၁၄ဝဝ ထိ တိုးချဲ့သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီကုန်တွင် ၁၁၄ ဦးကို ထပ်မံတိုးချဲ့သွားမည်ဟု ရဲမှူးသာဌေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ၌ ယာဉ်တိုက်မှု ၁၂၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၇ ဦး၊ မ ခြောက် ဦး၊ ဒဏ်ရာရရှိသူ ကျား ၁၃၂ ဦး နှင့် မ ၇၂ ဦး ရှိခဲ့သည်။
EMG

မြန်မာ့သားကောင်း

No comments:

Post a Comment